Ancient Burmese



ရှေးဟောင်းမြန်မာလူမျိုးများ

အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုးများသည် အရှေ့တိဗက် ဘာသာဝေါဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ်သည်ဟု အတည်ပြုထားကြသည်။ တရုတ်မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက်ကုန်းမြင့်ဒေသ တဝိုက်သို့ ပြောင်းသွားကြသည်။ ဗမာလူမျိုးတို့သည် တိဘက်-မြန်မာ(Tibeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည်[1][2] ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု ခေါ်ရပါသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊ တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍၊ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာပါသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်ပါသည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည် ထင်ရပါသည်။မြန်မာတို့သည် ခရစ် (၁၁) ရာစုနှစ်မှ စ၍ ဗုဒ္ဓ သာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓ သာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့ပါသည်။မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။[3]


တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်ပြည်နယ်သို့ ပြောင်းကြသည်။ ထိုအချိန်တွင် ယူနန်နယ်တွင် အင်အားကြီးမား လာသည့် တိုင်းရှမ်းများသည် ပြည်နယ်ကြီး ၆ ခုကို နန်ချိုနိုင်ငံ အဖြစ် ပထမဆုံးသိမ်းသွင်းနေသည့် ကာလဖြစ်သည်။ မြန်မာလူမျိုးများသည် ယူနန်နယ်တွင် နန်ချိုတိုင်း ရှမ်းများနှင့် နှစ်အတန်ကြာ နေထိုင် လာခဲ့ကြသည်ဟု ယူဆရသည်။

တရုတ်ရာဇဝင် ဆရာကြီး ဖန်ချုံ ၏မှတ်တမ်း၌ ငှင်းတို့၏ အကြီးအကဲအား မင်းဟု ခေါ်ဝေါ်ကြောင်း တိုင်းရှမ်းများက စောမင်းဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည်။ ယင်းသို့ နန်ချို တိုင်း​​ရှမ်းများ၏ လက်အောက်တွင် နေထိုင်ရာမှ တိုင်း ရှမ်းတို့၏ ဖိနှိပ်မှုအား မခံနိုင်သဖြင့် မြန်မာနိုင်ငံ တွင်းသို့ဝင်ရောက်လာကြသည်။

မြန်မာနိုင်ငံသမိုင်းနှင့် ပတ်သက်၍ အကြားအမြင်များသည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦးစွာ ကျောက်ဆည်နယ်သို့ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြန့်နှံ့သွားသည်ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အနည်းငယ်အတွင်း အခြေစိုက်နိုင်ခြင်းမှာ မြန်မာတို့၏ အစွမ်းအစအပြင် ထိုအချိန် ကာလတွင် နန်ချို တိုင်းရှမ်းတို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက်နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းရုံသာမက ကုန်ထုတ်လုပ်ငန်းများပါ ပျက်ပြားပြီး ရပ်တည်ရာမရ ကစင့်ကလျား ဖြစ်နေသည့် ပျူလူမျိုးများနှင့် ရောထွေးနေ ထိုင်ရာမှ ရာစုနှစ် အနည်းငယ်ခန့်အတွင်း ပျူလူမျိုးများနှင့် သွေးရောနှောသွားကြပြီး လူမျိုးကြီးနှစ်မျိုး ပေါင်းစပ်လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည်ဖြင့် အစစအရာရာ တိုးတက်ဖွံ့ဖြိုး လာပြီး ကိုးရာစုနှင့် ဆယ်ရာစုခန့်လောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည်နှင့် ပုဂံမင်းဆက်ကို စတင် တည်ထောင်လေသည်။

Comments