Ancient Cities of Myanmar
နောက်ဆုံးတွေ့ရှိဖော်ထုတ်ထားသည့် မြန်မာ့ သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာဝင်ရောက်လာခဲ့သည့် လူမျိုးများမှာ မြောက်ဖက်တွင် တိဘက်တို-မြန်မာအနွယ်ဝင်များဖြစ်ကြသည့် ပျူ၊ သက်၊ ကမ်းယံနှင့် တောင်ဖက်တွင် မလေးအနွယ်ဝင်များနှင့် ယှဉ်ပြိုင်အနိုင်ရသွားသည့် မွန်တို့ဖြစ်သည်။ ထို့အပြင် အရှေ့ဖက်ဒေသများတွင်လည်း တိဘက်-တရုတ်အနွယ်ဖြစ်သည့် ရှမ်းလူမျိုးလည်း အနည်းငယ် ရှိနေကြပြီးဖြစ်သည်။
ထိုလူမျိုးများအနက် ပျူလူမျိုးမှာ ယနေ့မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျောက်တွင် မြို့ရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ ၄ရာစုနှင့် ၅ရာစုများတွင် ပျူတို့ အထွဋ်အထိပ်ရောက်၍ မွန်တို့ကို လွမ်းမိုးကာ ပျူမြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့မှာ အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းတွင် ထင်ရှားခဲ့သည်။
ထိုကုန်သွယ်ရေးလမ်းကြောင်းမှာ အရှေ့ဖက်ခမာနိုင်ငံမှ အနောက်ဖက် ရခိုင်ကမ်းရိုးတန်းအထိဖြစ်သည်။ ၉ရာစုအစောပိုင်းတွင် စည်းလုံးမှုနည်းသည့် ပျူတို့ကို မြောက်ပိုင်းမှ အင်အားကြီး နန်ကျောက်တို့က ဝင်ရောက်တိုက်ခိုက်ဖျက်စီးသဖြင့် ပျူတို့ပျက်ဆီးရသည်။ ထိုခေတ်တွင် အကြမ်းအားဖြင့် ပျူတို့က ဧရာဝတီမြစ်အနောက်ဖက်ခြမ်း နှင့် မွန်တို့က ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းတွင် နေထိုင်ကြသည်ဟူ၍ သတ်မှတ်နိုင်သည်။ အချို့သော သမိုင်းပညာရှင်များက ထိုပျူခေတ်ကို ပထမပြည်ထောင်စု ဟုလည်း သတ်မှတ်ကြပါသည်။
သီရိခေတ္တရာ (ဝါ) မှော်ဇာပြတိုက်အတွင်း ထူးထူးခြားခြားဖော်ပြထားသည်မှာ ပျူစာ ခင်ဘရွှေပေချပ်ဆိုင်ရာ ပါဠိတော်မြန်မာပြန်ပင် ဖြစ်သည်။ ထို့ပြင် ယင်းပြတိုက်အတွင်းမှာပင် ပျူခေတ် ရွှေပန်းတိမ်၊ ငွေပန်းတိမ်အတတ် ပညာများနှင့် လက်ရာများ၊ ပျူပုတီးများ၊ ဗိသုကာလက်ရာများနှင့် အနုပညာသည်များ၏ ကြေးရုပ်များမှာ အချိန်ယူ၍ကြည့်လေ ရှုမငြီး နိုင်လေဖြစ်၏။ စင်စစ် ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများတွင် သရေခေတ္တရာ သည် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ဖြစ်၏။ သရေခေတ္တရာဟူသည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့ ဟု အဓိပ္ပာယ်ရပါသည်။ ပြည်မြို့အနီး မှော်ဇာရွာ တွင်တည်ရှိသည်။ (ပြည်ပေါက်ခေါင်းလမ်း ဘေး) မြို့ဟောင်းတွင် မှော်ဇာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာပါဝင်သည်။
သရေခေတ္တရာမြို့ဟောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်ရှိခဲ့သည့် မြန်မာ့ရှေးဟောင်းလူတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာတည်ရှိနေခဲ့မှုကို ဖော်ပြနေသည်။ ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပါသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖



Comments
Post a Comment