Cultural Heritage



ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကြစို့



ယဉ်ကျေးမှု ဆိုသည်မှာ "The Way of Life" လူသား တစ်ဦး(သို့)လူသားမျိုးနွယ်စု မွေးဖွားသည်မှ သေဆုံးသည့် ကာလစပ်ကြား ကြုံတွေ့ရင်ဆိုင်ရသော အရာအားလုံးကို ခြုံငုံသုံးသပ်ခြင်း ဖြစ်သည်။ ၁၉၉၆ ခုနှစ်ထုတ် - မြန်မာစာအဖွဲ့မှထုတ်ဝေသော မြန်မာအဘိဓာန်တွင် ယဉ်ကျေးမှုဟူသည်-

(၁) သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု
(၂) တိုးတက်ထွန်းကားသော လူမှုအဆင့်အတန်း
(၃) အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိသော ဓလေ့ထုံးတမ်းများ ဖြစ်သည်။
ယဉ်ကျေးမှုကို သရုပ်ခွဲရာတွင် နှစ်မျိုး နှစ်စား တွေ့နိုင် သည်။
(၁) ရုပ်ဒြပ်ရှိယဉ်ကျေးမှု( Material Culture)
(၂) ရုပ်ဒြပ်မဲ့ယဉ်ကျေးမှု ( Non Material Culture)ဟူ၍ ဖြစ်သည်။

ဒြပ်ရှိယဉ်ကျေးမှုသည် စာရေးသူတို့ ပြုလုပ်သုံးစွဲခဲ့သော ရုပ်ဝတ္ထုပစ္စည်းများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဥပမာပြောရလျှင် ရက်ကန်းစင်ဖြစ်သည်။ အခြားသော ယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းများစွာကို အများပြည်သူတို့၏ ပတ်ဝန်းကျင်တွင် ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။ ဤသို့တွေ့ရှိ နေရခြင်းမှာ မိမိတို့၏ ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက် နေခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသားအားလုံးသည် ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့ကြသည့် ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတော်မှ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးတွင် ယဉ်ကျေးမှုပြတိုက်များ ဖွင့်လှစ်၍ အသိပညာ ဗဟုသုတများ ဖြန့်ဖြူးပေးလျက်ရှိသည်။

လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာခြင်းသည် ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မားခြင်း၏ ပြယုဂ် ဖြစ်သည်။ ဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းဖြင့် မြန်မာကို မြန်မာက သိစေဖို့အတွက် သာမက မြန်မာကို ကမ႓ာက သိစေဖို့အတွက်ပါ နိုင်ငံသား အားလုံး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြသည်။

ဒြပ်မဲ့အမွေ

ထို့အတူ ဒြပ်မဲ့အမွေယဉ်ကျေးမှု အတတ်ပညာများကို လက်ဆင့်ကမ်းအမွေ၊ ဘိုးဘွားအမွေအဖြစ် နိုင်ငံသား အားလုံးမှ ထိန်းသိမ်းနိုင်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြိုးပမ်းလျက်ရှိသည်။ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးတို့က မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းလာခဲ့ကြပြီး ယင်းတို့ ၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ရိုးရာ ဓလေ့ထုံးစံ၊ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ စွမ်းရည်များကို ဆိုလိုပါသည်။ ထို့အတူ ယုံကြည်ကိုးကွယ်မှု၊ ပြောဆိုသောစကား၊ လူမှုဆက်ဆံရေးစနစ်၊ ကိုယ်ဟန်အမူအရာနှင့် ရိုးရာဓလေ့ထုံးစံများ စသည့်ကဏ္ဍများမှာ ရုပ်ဒြပ်မဲ့ ယဉ်ကျေးမှုအမျိုးအစား၌ အကျုံးဝင်ပါသည်။ ယဉ်ကျေးမှု အတတ်ပညာ ဟု ပြောရာတွင် အများပြည်သူနှင့် တိုင်းရင်းသား မျိုးနွယ်စုများ နားလည် နိုင်သည့် အချက်များဖြစ်သည့်

(၁) ကိုယ်နှုတ်အမူအရာနှင့် စိတ်နေစိတ်ထားများ ယဉ်ကျေးသိမ်မွေ့ခြင်း
(၂) ယဉ်ကျေးမှု လူအဖွဲ့အစည်းများ ထူထောင်ခြင်း
(၃) ယဉ်ကျေးလာအောင် ပြုပြင်ခြင်း
(၄) ခေတ်ကာလအလျောက် ထွန်းကားလာသော ယဉ်ကျေးမှု၊ အနုပညာများကို မြတ်နိုးတန်ဖိုး ထားတတ်သော အစဉ်အလာကောင်းများနှင့် ဓလေ့ထုံးတမ်းများကို အရှည်တည်တံ့စေရန် ထိန်းသိမ်းခြင်း၊

ဒြပ်မဲ့အမွေဟုပြောလျှင် စာဖတ်သူများအတွက် စိမ်းသော အခေါ်အဝေါ် ဖြစ်နေမည်လားဟု တွေးမိပါသည်။ ဘိုးဘွားတို့၏ ယဉ်ကျေးမှုအတတ် ပညာဟုပြောလျှင် ပို၍ သင့်လျော်သိရှိကြမည် ထင်ပါသည်။ စာရေးသူကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာနှင့် နီးစပ်သူများလည်း ရှိမည်။ မနီးစပ်သူများလည်း ရှိမည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ နိုင်ငံသားအားလုံးသည် မိမိနိုင်ငံ၏ ''ဒြပ်မဲ့ အမွေ''- ယဉ်ကျေးမှု အတတ်ပညာဆိုင်ရာ အသိပညာ ဗဟုသုတနှင့် တန်ဖိုးကို သိနေရမည် ဖြစ်ပါသည်။

ဘိုးဘွားအမွေ၊ ယဉ်ကျေးမှု အတတ်ပညာများကို ထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၊ မိမိလူမျိုး၏ ဓလေ့စရိုက်၊ ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အကျိုးရလဒ်ကောင်း ရရှိကြမည် အမှန်ဖြစ်ပါသည်။ ယနေ့အချိန် အခါတွင် ခေတ်နှင့် လျော်ညီစွာ တိုးတက်လာသည့် ယဉ်ကျေးမှုများနှင့် အတူလူ့စွမ်းရည်ဖွံ့ဖြိုး တိုးတက် လာခြင်း သည် လူသားများအကြားတွင် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာခဲ့သည်။

ဘိုးဘွားအမွေဟု ပြောသည်ဆိုရာ၌ စာရေးသူ၏ ငယ်စဉ် ဘဝဖြတ်သန်းမှုအချိန်များ၊ အတွေ့အကြုံများကို သတိရ မိပါသည်။

စာရေးသူအဖေဘက်မှ ဘိုးဘွားဆွေမျိုးများသည် မန္တလေး မြို့နှင့်မနီးမဝေး အင်းဝမြို့ဟောင်း အမရပူရမြို့ဟောင်းအနီးရှိ ရွာလေးမှဖြစ်ပါသည်။ မြို့ဟောင်းအနီး ရွာစဉ်များမှ အမျိုးသမီးအများစုသည် ရက်ကန်း ခတ်-ရက် လုပ်ခြင်း အတတ်ပညာကို တတ်မြောက်ကြသည်။ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည့် ယဉ်ကျေးမှုအတတ်ပညာ၊ ဒြပ်မဲ့အမွေလည်း ဖြစ်ပါသည်။ ငယ်စဉ်အချိန် နွေကျောင်းပိတ်ရက်များ ရွာသို့ပြန်ရသည့် အခါ ဒုဋ္ဌဝတီမြစ် - မြစ်ငယ်မြစ် တစ်လျှောက်ရှိ ရွာစဉ်များမှ ရက်ကန်း ခတ်သံများ ညံစည်နေသည်ကို ကြားခဲ့ရဖူးသည်။ ရက်ကန်း လက်ခတ်သံများဖြင့် အကျွမ်းတဝင် ရှိခဲ့သော်လည်း ရက်ကန်းခတ်သည့်ပညာကို မတတ်ကျွမ်းခဲ့ရပါ။ အထည် တစ်ထည် ဖြစ်ဖို့ဆိုလျှင် ရက်ကန်းရက်ခြင်းသည် နောက်ဆုံး အဆင့်ဖြစ်ပါသည်။ အခြားသော အခြေခံအဆင့် အတတ်ပညာ များဖြစ်သည့် ဝါကောက်၊ ဝါဖန်မှစ၍ ချည်ဆိုးခြင်း၊ ချည်ချခြင်း၊ ချားပုတ်ခြင်း၊ နှတ်ကောက်ခြင်း၊ ရက်သွားပေါက်ခြင်း၊ ရက်ဖောက်ယောက်ခြင်းများလည်း တတ်ကျွမ်းကြရသည်။ မိသားစု တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ရသည့် အသက်မွေး ကျောင်းပညာရပ် ဖြစ်သည်။

စာရေးသူ၏ အတွေ့အကြုံမှာ အမရပူရမြို့ဟောင်းအနီး ပတ်ဝန်းကျင်ရွာများမှ ဘိုးဘွားအစဉ်အဆက် အသက်မွေးဝမ်း ကျောင်းပညာဖြစ်သည့် ရက်ကန်း ရက်လုပ်သည့် အတတ်ပညာ မျှသာဖြစ်သည်။ထို့အတူ ယဉ်ကျေးမှု အမွေအနှစ်များ ပျံ့နှ့ံတည်ရှိ လျက်ရှိသော မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှုအမွေ၊ ရှေးဘုရင်များလက်ထက် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပြု ခြင်း၊ သံတမန်နည်းလမ်းဖြင့် ဝင်ရောက်လာသည့် ယဉ်ကျေးမှုများလည်း ယနေ့တိုင် တွေ့မြင်ရလျက်ရှိသည်။

မြန်မာတို့၏ အနုစိတ်လက်ရာဖြစ်သည့် လွန်းရာကျော်ကြိုး ကြီးချိတ် ရက်ကန်းအတတ်ပညာများမှလည်း ပိုးထည်ရက် လုပ်ခြင်း အတတ်သည် ခေတ်အဆက်ဆက် ဘိုးဘွားအမွေ ယဉ်ကျေးမှု အမွေလည်း ဖြစ်ခဲ့ပါသည်။ မြန်မာ့နန်းတွင်းသုံး ပိုးထည်၊ ချည်ထည်များကို ရက်ကန်းသည်များမှ ဒီဇိုင်း အမျိုးမျိုးဖြင့် ရက်လုပ်ခဲ့ကြသည်ကို ယနေ့အချိန်ထိ တွေ့မြင်ရ သည်။ အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် အမျိုးသား ပြတိုက်(ရန်ကုန်)တွင် ပြသထားပါသည်။ ထို့အတူ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာ ရိုးရာယဉ်ကျေးမှုများကို ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတွင်ပြတိုက်များ ဖွင့်လှစ်၍ ပြသထားပါသည်။

နိုင်ငံသားအားလုံးမှာ ရိုးရာဝတ်စုံ၊ ရိုးရာ မြန်မာထည်များ ဝတ်ဆင်ခြင်းဖြင့် ရိုးရာအမွေ၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း နိုင်ခဲ့သည်ဟု ထင်မှတ်နေကြသည်။ မြန်မာ့မြေ၊ မြန်မာ့ရေတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးသတိပြုရမည့် အချက် မှာ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေများနှင့် မိမိတို့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းရမည် ဟူသော အချက်ပင် ဖြစ်သည်။

စက်ရက်ကန်းများ အစားထိုးဝင်ရောက်

ယနေ့လက်တွေ့ဖြစ်နေသည့် အခြေအနေများမှ ချည်ထည်၊ ပိုးထည်များ ရက်လုပ်ရာတွင် လက်ရက် ကန်းအစား စက်ရက် ကန်းများအစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။ မိမိ လေ့လာကြည့်သည့်အခါ စက်ရက်ကန်းစင် ၁ဝဝ တွင် လက်ရက်ကန်းစင် ၁ဝ စင်လောက်သာ ကျန်တော့မည့် အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ ဤသို့ခေတ်နှင့် လျော်ညီစွာ တိုးတက် လာခြင်းမှာ မြန်မာ့ချည်ထည် ရက်လုပ်ခြင်း လုပ်ငန်းတိုးတက် လာခြင်းကြောင့် ဖြစ်ပါသည်။ ချည်ထည်ကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ခြင်းဖြင့် ဂုဏ်ယူရမည်လည်း ဖြစ်သည်။ ဘိုးဘွားတို့၏ အတတ်ပညာ လက်ရက်ကန်းစင်များဖြင့် ရက်ကန်းရက်ခြင်း လက်ဆင့်ကမ်းအမွေများ တိမ်မြုပ်ပျောက်ကွယ်ခြင်း၏ ခရီးအစလည်း ဖြစ်သည်။

ရက်ကန်းခတ်ခြင်း အတတ်ပညာမှ မဟုတ်ရပါ။ အခြား သော ဒြပ်မဲ့အမွေ ယဉ်ကျေးမှုအတတ်ပညာများကို လက်ဆင့်ကမ်းထိန်းသိမ်းကြရမည် ဖြစ်ပါသည်။ ဒြပ်မဲ့အမွေသည် အဖိုးနည်း-များဟူ၍ မရှိပါ။ ဥပမာ စားတော်ပဲပြုတ် ပြုတ်သည့် အတတ်ပညာကအစ အဓိကဆိုလိုသည်မှာ ဘိုးဘွား အမွေဖြစ်ရမည်၊ လက်ဆင့်ကမ်းပေးနိုင်သည့် မိမိလူမျိုး၏ ယဉ်ကျေးမှုဖြစ်ရမည်ဖြစ်သည်။ မိမိတို့၏ ဖန်တီးမှုစွမ်းရည်များ သည်အများပြည်သူအတွက်သာ မဟုတ်ရပါ။ လူသားအားလုံး အတွက် အကျိုးပြုနိုင်သည့် ရလဒ် ကောင်းများ ပေးစွမ်းနိုင်ရမည် ဖြစ်သည်။

မျိုးဆက်များကို လက်ဆင့်ကမ်းနိုင်ဒြပ်မဲ့အမွေအနှစ်ကို အပြည်ပြည်ဆိုင်ရာ စံအဖြစ် သတ်မှတ်ရာတွင် ပျောက်ကွယ်လုနီး ဘိုးဘွားအမွေ၊ ယဉ်ကျေး မှု အမွေများကို ပြန်လည်ဖော်ထုတ်ခြင်း မဟုတ်ပါ။ လက်ရှိ ကျင့်သုံးနေသော ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမိုအား ကောင်းလာအောင် လုပ်ဆောင်ထားခြင်းသာ ဖြစ်ပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှု သတ်မှတ်သည့်နေရာတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာမှလည်း အသုံးပြုခဲ့ခြင်း ဖြစ်သည့်အပြင် ယခုလက်ရှိတွင်လည်း ကျင့်သုံးနေဆဲဖြစ်ပြီး နောင်မျိုးဆက်များကို လက်ဆင့်ကမ်းနိုင်သည့် အနေအထားမျိုးရှိမှသာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

ထို့ကြောင့် တိမ်မြုပ်ပျောက်ကွယ်လုနီးဖြစ်နေသည့် ဒြပ်မဲ့အမွေ ယဉ်ကျေးမှုအတတ်ပညာများနှင့် မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုအမွေများကို ထိန်းသိမ်းခြင်း၊ နိုင်ငံသား အားလုံး လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက် သင်ယူခြင်းဖြင့် အမွေဆက်ခံနိုင်စေရန် ရည်ရွယ်၍ သက်ဆိုင်ရာဝန်ကြီး ဌာနမှ ဒြပ်မဲ့ယဉ်ကျေးမှုများကို စာရင်းကောက်ယူခြင်း၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန် လူထုပညာပေးကဏ္ဍများအဖြစ် ကွင်းဆင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။

ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်နိုင်

ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူများ၊ တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းပါဝင်ခြင်း၊ အခြားသော အဖွဲ့ အစည်းများမှ ပူးပေါင်းပါဝင်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ် များ ဆုံးရှုံးပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ မိမိနိုင်ငံ၏ ရိုးရာအမွေအနှစ်များကို အများပြည်သူများ သာမက နိုင်ငံခြားသား ခရီးသွားများ လာရောက်လေ့လာနိုင် သည့် မြန်မာ့ယဉ်ကျေးမှု တိုင်းရင်းသား ရိုးရာယဉ် ကျေးမှု ဘိုးဘွားလက်ဆင့်ကမ်း အမွေဖြစ်ကြောင်း သက်သေထူ နိုင်သည့် ကဏ္ဍသစ်တစ်ရပ် အဖြစ် ဖော်ထုတ်ကြရမည်ဖြစ်သည်။ အနာဂတ်ခေါင်းဆောင်များဖြစ်သည့် မျိုးဆက်သစ် လူငယ်များမှလည်း မိမိတို့၏ယဉ်ကျေးမှုကို တန်ဖိုးထား လိုသော စိတ်အပြည့်အဝ ဖြင့် ဒြပ်မဲ့အမွေ၊ ယဉ်ကျေးမှုအတတ် ပညာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားလိုက် ရပါသည်။ ။

ကိုးကားသည့်စာအုပ်များ

(၁) ယဉ်ကျေးမှု မဂ္ဂဇင်း၊ ဧပြီလထုတ် ၁၉၉၇ ခုနှစ်၊
(၂) အခြေခံပြတိုက်ပညာ(၁)၊ မနုဿကျော်ဝင်း
(၃) ယဉ်ကျေးမှုဝန်ကြီးဌာန သင်တန်းပို့ချချက်၊ မေလ (၂၈) ရက် ၂ဝဝ၉ ခုနှစ်

Comments